နွေရာသီမှာ ရေဓာတ်ဖြည့်ပေးမယ့် သစ်သီး ၅ မျိုး
နွေရာသီဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ ဒါကြောင့်ပဲ နွေရာသီမှာ အချိန်တော်တော်များများကို အိမ်ထဲမှာနေရင်း ကုန်ဆုံးကြတာပေါ့။ ဒီလိုကုန်ဆုံးရင်း နွေအပူဒဏ်ကို အံတုတဲ့နေရချိန်မှာ ရင်အေးတဲ့ အစားအစာလေးတွေကို စားချင်မိတဲ့စိတ်ကလေးကလည်း ဖြစ်သေးတယ်နော်။
ဒီလို ဖြစ်တဲ့စိတ်ကလေး ပြေပျောက်စေဖို့ အချိုရည်တွေ၊ ရေခဲမုန့်တွေ စားမယ့်အစား စားပေးသင့်တဲ့ အသီးအနှံလေးတွေကို ပြောပြပေးချင်ပါတယ်။ နွေပူပူမှာ ရေဓာတ်လည်းဖြည့်ပေးပြီး အပူကိုလည်း သက်သာစေမယ့် စားစရာ အသီးအနှံလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို စာလေးကိုဆုံးအောင် ဖတ်ကြည့်ရင်း မှတ်သားလိုက်တော့နော်။
နွေပူပူမှာ ရေဓာတ်ဖြည့်ပေးမယ့် အသီးအနှံလေးတွေ
နွေပူပူမှာ ရေဓာတ်ပြည့်ဝစေဖို့ စားပေးသင့်တဲ့ အသီးအနှံလေးတွေကတော့
(၁) ရေဓာတ် ၈၃ % အထိပါဝင်နေတဲ့ သရက်သီး
နွေရာသီမှာ ချိုချိုအေးအေး စားချင်မိတဲ့ အာသီသလေးကို ပြေပျောက်စေနိုင်တဲ့ သရက်သီးမှည့်လေးက ရေဓာတ် ပြည့်ဝစေသလို အစာကြေစေဖို့လည်း အားဖြည့်ပေးပါတယ်။ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင် ပါတယ်။ သွေးတွင်းအဆီ ကျစေပြီး မျက်စိကိုလည်း ကျန်းမာစေပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ အသီးလေး တစ်မျိုးပါ။ အမှည့်လွန်နေတာမျိုး မဖြစ်စေဖို့တော့ ဂရုပြုစေချင်ပါတယ်။
(၂) ရေဓာတ် ၈၆ % အထိပါဝင်နေတဲ့ ပန်းသီး
ပန်းသီးက ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်သလို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာကို လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ အရသာရှိသလို အာဟာရလည်း ကြွယ်ဝပါတယ်။ ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး နှလုံးကျန်းမာစေသလို သွေးတွင်းအချိုဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကလည်း အရိုးတွေ၊ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့နဲ့ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နွေရာသီမှာ ရင်အေးစေပြီး ရေဓာတ်လည်း ဖြည့်ပေးနိုင်မှာပါ။
(၃) ရေဓာတ် ၈၆ % အထိပါဝင်နေတဲ့ နာနတ်သီး
အရသာရှိပြီး အရည်ရွှမ်းတဲ့ နာနတ်သီးက ဗီတာမင် စီနဲ့ အခြား ကိုယ်ခံအားဖြည့် အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ မဂ္ဂနိ့ ပါဝင်နေတာက အရိုးတွေကို ကျန်းမာစေပြီး အမျှင်ဓာတ်နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း နွေရာသီမှာ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ရေဓာတ် ၈၇ % အထိပါဝင်နေတဲ့ လိမ္မော်သီး
လိမ္မော်သီးက ရေဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်ကိုလည်း လန်းဆန်းစေနိုင်ပါတယ်။ သွေးတွင်းအဆီ ကျဆင်းစေနိုင်သလို နှလုံးစွမ်းဆောင်ရည် ကောင်းစေပြီး ဗီတာမင် စီ ပါဝင်မှုကို ကိုယ်ခံအား ကောင်းစေသလို အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
(၅) ရေဓာတ် ၈၈ % အထိပါဝင်နေတဲ့ သင်္ဘောသီး
ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတဲ့ သင်္ဘောသီးက သွေးကြောတွေထဲမှာ အဆီတွေ တွယ်ကပ်မနေအောင် ကာကွယ်ပေးသလို ကိုယ်ခံအားကောင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝလို့ အေးမြနေစေဖို့လည်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဓာတ် ပြည့်ဝချင်တယ်ဆိုရင် သင်္ဘောသီး စားပေးပါ။
နွေရာသီ အပူဒဏ်အောက်မှာ ရေဓာတ်ခမ်းခြောက်မှု ကင်းစေဖို့အတွက် အခုပြောပြခဲ့တဲ့ အသီးလေးတွေကို စားပေးလို့ ရသလို ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွားမွှေး၊ တရုတ်ဇီးသီး၊ မက်မွန်သီးတို့ကို သုံးဆောင်ပေးလို့လည်း ရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှု ကင်းစေဖို့ တစ်နေ့ တစ်မျိုး စားရင်ကို လုံလောက်ပါပြီလို့ သတင်းပါးလိုက် ပါရစေ။
မွန်မွန်